Life Laws

အခန်း(၁)

အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤနည်းဥဒေများကို အသက်အာမခံနည်းဥပဒေများဟု ခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် အာမခံလုပ်ငန်းဥပဒေ၌ ပါရှိသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ် သက်ရောက်စေရမည် –
(က) အဆိုပြုသူ ဆိုသည်မှာ အသက်အာမခံထားလိုကြောင်း အဆိုပြုသူကို ဆိုသည်။
(ခ) အာမခံထားသူ ဆိုသည်မှာ ဤနည်းဥပဒေများအရ အသက်အာမခံထားသူကို ဆိုသည်။
(ဂ) ပေါ်လစီ ဆိုသည်မှာ ပေးသွင်းသောပရီမီယံကို အကြောင်းပြု၍ အသက်အာမခံ ပဋိညာဉ်စာချုပ်ကို ဆိုသည်။
(ဃ) ပရီမီယံ ဆိုသည်မှာ အာမခံကြေးအဖြစ် တလုံးတည်းသော်လည်းကောင်း၊ အရစ်ကျသော်လည်းကောင်း ပေးသွင်းသောငွေကိုဆိုသည်။
(င) စာရင်းပိတ်ပေါ်လစီ ဆိုသည်မှာ သတ်မှတ်ထားသည့်နှစ်အတိုင်း ပရီမီယံပေးသွင်း ပြီး၍ အတည်ဖြစ်ပြီးနောက် ပရီမီယံဆက်လက်ပေးသွင်းရန်မလိုသော ပိတ်ထားသည့် ပေါ်လစီကိုဆိုသည်။
(စ) အမ်းငွေ ဆိုသည်မှာ သတ်မှတ်ထားသည့်နှစ်အတိုင်း ပရီမီယံပေးသွင်းပြီး၍ အတည် ဖြစ်ပြီးသော ပေါ်လစီတခုပေါ်တွင် အကျိုးခံစားခွင့်များကို စွန့်လွှတ်သည့်အတွက် အာမခံထားသူအား လက်ငင်းပြန်အမ်းသောငွေကို ဆိုသည်။
(ဆ) တန်ဘိုးလျော့ ဆိုသည်မှာ ပေါ်လစီသက်တမ်း မစေ့မီထုတ်ယူလိုလျှင် အာမခံ တန်ဘိုးကိုလျော့၍ အာမခံထားသူအား ထုတ်ပေးသောငွေကိုဆိုသည်။
(ဇ) ဆရာဝန် ဆိုသည်မှာ အဆိုပြုသူကို ဆေးစစ်သော မှတ်ပုံတင်ရပြီး ဆရာဝန်ကို ဆိုသည်။
(စျ) လစာ ဆိုသည်မှာ ဝန်ထမ်းတစ်ဦးရရှိသည့် အပိုစရိတ်ကြေးငွေမပါသော လစာ လုပ်ခကိုဆိုသည်။
(ည) ဝန်ထမ်း ဆိုသည်မှာ စစ်သည်မှအပ နိုင်ငံတော်၏ဝန်ထမ်းအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေသူကို ဆိုသည်။

 

အခန်း (၂)

လစာအလိုက်ထားရမည့်အာမခံငွေ

၃။ ဝန်ထမ်းတစ်ဦးသည် အနည်းဆုံးပေါ်လစီတခုထားရှိရမည်။ တစ်ခုထက်ပို၍လည်း ထားရှိ နိုင်သည်။ သို့ရာတွင် လစဉ်ပေးသွင်းရမည့်ပရီမီယံသည် လစာ၏ တစ်ဆယ့်ငါး ရာခိုင်နှုန်းထက် မကျော်လွန်စေရ။ ဝန်ထမ်းတဦး၏ လစာအလိုက် အနည်းဆုံး ထားရှိရမည့် အာမခံငွေသည် အောက်ဖော်ပြပါအတိုင်း ဖြစ်သည် –
(က) လစာကျပ် ၅၀၀ မှ အထက်    ကျပ်    ၈၀၀၀
(ခ) လစာကျပ် ၄၀၁ မှ ၅၀၀ အထိ    ကျပ်    ၇၀၀၀
(ဂ) လစာကျပ် ၃၀၁ မှ ၄၀၀ အထိ    ကျပ်    ၆၀၀၀
(ဃ) လစာကျပ် ၂၀၁ မှ ၃၀၀ အထိ    ကျပ်    ၄၀၀၀
(င) လစာကျပ် ၁၀၀ မှ ၂၀၀ အထိ    ကျပ်    ၁၀၀၀
၄။ အာမခံထားသူ၏လစာတိုးလာပါက နည်းဥပေဒ ၃ ပါ သတ်မှတ်ချက်များနှင့်အညီ ထပ်တိုး အာမခံထားရှိရမည်။
၅။ အာမခံထားသူသည် လစာလျှော့ခြင်းခံရသဖြင့် ပေးသွင်းနေကျပရီမီယံကို ဆက်လက် မပေးသွင်းနိုင်လျှင် လစာနှင့်အချိုးကျသည့်အာမခံငွေကို လျော့နိုင်သည်။ လျှော့လိုလျှင် မူလ အာမခံငွေထဲမှ လျှော့ငွေကို စာရင်းပိတ်ပေါ်လစီအဖြစ် ပြောင်းလဲနိုင်သည်၊ သို့မဟုတ် အမ်းငွေကို ထုတ်ယူနိုင်သည်။

 

အခန်း (၃)

အာမခံထားခြင်း

၆။ အာမခံထားသူသည် အသက်အာမခံထားရန် အဆိုပြုသောအခါ သတ်မှတ်ထားသော အဆိုလွှာတွင် လိုအပ်ချက်များကိုရေးသွင်း၍ ကိုယ်တိုင်လက်မှတ်ရေးထိုးရမည်။ စာမတတ်ခဲ့သော် အခြားသူတစ်ယောက်အား မိမိကိုယ်စား ရေးသွင်းစေပြီး အဆိုပြုသူ၏ လက်ဝဲလက်မပုံစံ နှိပ်ရမည်။ ယင်းအဆိုလွှာပေါ်တွင် သက်ဆိုင်သည့် တာဝန်ရှိသူက   ထပ်ဆင့်လက်မှတ်ရေးထိုး ရမည်။
၇။ လစာတာဝန်ခံအရာရှိသည် အာမခံထားသူပေးသွင်းရမည့် ပရီမီယံကိုလစဉ် လစာစာရင်းမှ နုတ်ယူပြီးလျှင် ကော်ပိုရေးရှင်းသို့ လချင်းစာရင်းလွှဲပြောင်းပေးသွင်းရမည်။
၈။ (က) ပေါ်လစီစတင်သည့်အချိန်တွင် အဆိုပြုသူ၏အသက်သည် လာမည့်မွေးနေ့တွင် ပြည့်မည့်အသက်ဖြစ်သည်။
(ခ) အဆိုပြုသူသည် အဆိုလွှာတင်သွင်းသည့်အခါ အဆိုလွှာနှင့်အတူ အသက်မှန်ကန် ကြောင်း ယင်း၏ အမှုထမ်းစာအုပ်မှ ကောက်နုတ်ချက်မိတ္တူတစောင်ကိုပါ သက်ဆိုင်ရာ အရာရှိ၏ အတည်ပြုချက်ဖြင့် တင်သွင်းရမည်။
၉။ အာမခံထားသူသည် အသက်အာမခံထားရန် အဆိုပြုသောအခါ ဆရာဝန်၏ ဆေးစစ် ထောက်ခံချက်ပါရှိရမည်။ သို့ရာတွင်အဆိုပြုသူသည် ဝန်ထမ်းဖြစ်လျှင် အာမခံငွေကျပ် ၁၀၀၀၀ အထိ ဆေးစစ်ရန်မလို။
၁၀။ အာမခံမထားရသေးသော အသက်ငါးဆယ်ပြည့်ပြီးသည့်ဝန်ထမ်းအား ဤနည်းဥပဒေများ အရအာမခံထားခြင်းမှ ကင်းလွတ်ခွင့်ပြုသည်။

 

အခန်း (၄)

ပေါ်လစီအခွင့်အရေးများ

၁၁။ မိမိအစိုးမရနိုင်သောအကြောင်းကြောင့် လစာငွေထုတ်ရန် ပျက်ကွက်သောဝန်ထမ်းတဦး၏ ပေါ်လစီမပျက်စေရ။ ပေးသွင်းရမည့် ပရီမီယံကို ယင်းထုတ်ယူမည့်လစာငွေမှ နုတ်ယူ ပေးသွင်းရမည်။
၁၂။ ဝန်ထမ်းပေးသွင်းရမည့်ပရီမီယံ ၄ ရာခိုင်နှုန်းကို ထည့်ဝင်ငွေအဖြစ် ကော်ပိုရေးရှင်းက ပေးသွင်းရမည်။
၁၃။ ဝန်ထမ်းတဦး၏ ပေါ်လစီ သို့မဟုတ် ပေါ်လစီများ အချိန်မစေ့မီ ဝန်ထမ်းအဖြစ်မူ ရပ်စဲခဲ့လျှင် အောက်ပါတို့မှ ကြိုက်ရာနည်းကို ရွေးချယ်နိုင်သည် –
(က) အခြားပုဂ္ဂိုလ်များ ပရီမီယံပေးသွင်းသကဲ့သို့ ဆက်လက်ပေးသွင်းခြင်း၊
(ခ) စာရင်းပိတ်ပေါ်လစီအဖြစ်ပြောင်းလဲခြင်း၊
(ဂ) အမ်းငွေကိုရယူခြင်း၊
(ဃ) တန်ဘိုးလျော့ငွေကိုထုတ်ယူခြင်း။
၁၄။ ပေါ်လစီတစ်ခုလျှင် အမ်းငွေ၏ ကိုးဆယ့်ငါး ရာခိုင်နှုန်းအထိကော်ပိုရေးရှင်းက ငွေထုတ် ချေးနိုင်သည်။
၁၅။ ပေါ်လစီသက်တမ်းစေ့သည့်အခါ အာမခံထားသူအား လည်းကောင်း၊ အာမခံထားသူ သေဆုံးသွားသည့်အခါတွင် ယင်းပုဂ္ဂိုလ်၏ ဆက်ခံပိုင်ခွင့်ရှိသူအားလည်းကောင်း ရသင့် ရထိုက် သောငွေကို ထုတ်ပေးရမည်။

 

အခန်း (၅)

အထွေထွေ

၁၆။ အောက်ပါတို့ကို နိုင်ငံတော်၏ စီးပွားရေးနှင့် ဘဏ္ဍာရေးမူများနှင့်အညီ ကော်ပိုရေးရှင်းက သတ်မှတ်ရမည် –
(က) အာမခံထားသည့်အတွက် ပေးရမည့်နှစ်စဉ် ပရီမီယံနှုန်းများ၊
(ခ) ဘေးအန္တရာယ်ရှိသောအလုပ်ကို အကြောင်းပြု၍ပေးရမည့် အပိုပရီမီယံနှုန်းများ၊
(ဂ) ကျန်းမာရေးကို အကြောင်းပြု၍ပေးရမည့် အပိုပရီမီယံနှုန်းများ၊
(ဃ) ပေါ်လစီတခုအတွက်အမ်းငွေများ၊
(င) ပေါ်လစီချေးငွေအပေါ်အတိုးနှုန်းများ၊
(စ) ပေါ်လစီတန်ဘိုးလျော့ငွေများ။
၁၇။ ပေါ်လစီ ပျောက်ဆုံးလျှင် ကော်ပိုရေးရှင်းသို့ အမြန်ဆုံး အကြောင်းကြားရမည်။ ကော်ပိုရေးရှင်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ မိတ္တူထုတ်ပေးရမည်။
၁၈။ အာမခံထားသူသည် အကျိုးခံစားခွင့်ရှိသူကို ပြောင်းလွှဲသတ်မှတ်လိုလျှင် ကော်ပိုရေးရှင်း ကသတ်မှတ်ထားသော စည်းကမ်းနှင့်အညီ ပြောင်းလဲခွင့်ရှိသည်။
၁၉။ ပေါ်လစီနှင့်စပ်လျဉ်း၍ အခွင့်အရေးများ၊ စည်းကမ်းချက်များကို ရှိရင်းစွဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ကော်ပိုရေးရှင်းက သတ်မှတ်နိုင်သည်။
၂၀။ ဥပဒေ၊ နည်းဥပဒေများပါ ပြဌာန်းချက်တခုခုကို လိုက်နာရန်ပျက်ကွက်သည့်အတွက် ပေါ်လစီပျက်ခြင်း၊ အခွင့်အရေးဆုံးရှုံးခြင်းကိုတင်ပြပါက ကော်ပိုရေးရှင်းသည် လိုအပ်သော စုံစမ်းစစ်ဆေးမှုကို ပြုလုပ်၍ ရှိရင်းစွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

 

Contact Phone Number

Life Insurance (Underwriting) Department

01 - 8391990

Life Insurance (Claim) Department

01 - 8384881

Life Reinsurance Department

01-8386919

Motor Vehicle Insurance (Underwriting) Department

09-880 177 428

Motor Vehicle Insurance (Claim) Department

09-880177427

Marine, Aviation & Travelling Insurance (Underwriting) Department

01-8251761 , 01- 8391993

Marine, Aviation & Travelling Insurance (Claim) Department

01-8251761

Fire, Engineering and Miscellaneous Insurance (Underwriting) Department

01-384867

Fire, Engineering and Miscellaneous Insurance (Claim) Department

01-8251762

General Reinsurance Department

01-8384880

Admin Department

01-8379088, 01-8384865,
01-8252372, 01-8246902

Account Department

01-8384868, 01-8384870

Marketing Department

01-8391995, 01-8391996

Duty Room

01-8379188