cmn_banner

သူတစ်ပါးထိခိုက်မှုအာမခံနည်း ဥပဒေများ

အခန်း(၁)

အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤနည်းဥဒေများကို သူတစ်ပါးထိခိုက်မှုအာမခံ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် မြန်မာ့အာမခံဥပဒေ၌ ပါရှိသည့် အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည် –
(က) သူတစ်ပါး ဆိုသည်မှာ ဤနည်းဥပဒေများအရ သူတစ်ပါးထိခိုက်မှုအာမခံထားသူ နှင့် သူတစ်ပါးထိခိုက်မှုအာမခံလက်ခံသူမှအပ ကျန်ပုဂ္ဂိုလ်ကိုဆိုသည်။
(ခ) စက်တပ်ယာဉ် ဆိုသည်မှာ စက်အားကိုဖြစ်စေ၊ လျှပ်စစ်ဓာတ်အားကိုဖြစ်စေ၊ အခြားစွမ်းအင် တစ်မျိုးမျိုးကိုဖြစ်စေ အသုံးပြု၍ မောင်းနှင်ရွေ့လျားနိုင်သော ယာဉ်နှင့်ယန္တရားများကို ဆိုသည်။
(ဂ) အာမခံထားသူ ဆိုသည်မှာ ဤနည်းဥပဒေများအရ သူတစ်ပါးထိခိုက်မှုအာမခံ အတွက် ပရီမီယံပေးသွင်းထားသူကို ဆိုသည်။
(ဃ) ပရီမီယံ ဆိုသည်မှာ သူတစ်ပါးထိခိုက်မှုအာမခံအတွက် ပေးသွင်းရသည့် ငွေကြေး ကို ဆိုသည်။
(င) နစ်နာသူ ဆိုသည်မှာ အာမခံထားသည့် စက်တပ်ယာဉ်ကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးသူကိုဆိုသည်။ ယင်းစကားရပ်တွင် သေဆုံးသူ၏တရားဝင် အကျိုးခံစားခွင့်ရှိသူလည်း ပါဝင်သည်။
(စ) ပစ္စည်း ဆိုသည်မှာ လူမှအပ ကျွဲ၊ နွား၊ တိရစ္ဆာန် အပါအဝင် ရွှေ့ပြောင်းနိုင်သော အခြားပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ဆိုသည်။
(ဆ) နစ်နာကြေး ဆိုသည်မှာ နစ်နာသူသို့ထုတ်ပေးရန် မြန်မာ့အာမခံက သတ်မှတ်သော ငွေကြေးကိုဆိုသည်။
(ဇ) မှတ်ပုံတင်အဖွဲ့ ဆိုသည်မှာ စက်တပ်ယာဉ်များအား မှတ်ပုံတင်ပေးပိုင်ခွင့်ရှိသော အဖွဲ့အစည်းကိုဆိုသည်။

 

အခန်း (၂)

စက်တပ်ယာဉ်ပိုင်ရှင်၏ တာဝန်များ

၃။ စက်တပ်ယာဉ်ပိုင်ရှင်သည် –
(က) မိမိ၏စက်တပ်ယာဉ်ကို မြန်မာ့အာမခံဥပဒေပုဒ်မ ၁၅ အရ မြန်မာ့အာမခံတွင် သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရထားရှိရမည်။
(ခ) မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အခါ သိုမဟုတ် မှတ်ပုံတင်အသစ် လဲလှယ်သည့်အခါ မြန်မာ့အာမခံကသတ်မှတ်သော ပရီမီယံကို မြန်မာ့အာမခံ သို့မဟုတ် ယင်းကတာဝန်လွှဲအပ်ထားသောဌာန၊ အဖွဲ့အစည်းသို့ ပေးသွင်းရမည်။
(ဂ) မှတ်ပုံတင်အဖွဲ့က ကင်းလွတ်ခွင့်ပြုသော မှတ်ပုံတင်အသစ်လဲလှယ်ရန် ပျက်ကွက်သည့် ကာလအပိုင်းအခြားအတွက် ပရီမီယံကင်းလွတ်ခွင့်ရရှိလိုလျှင် မြန်မာ့အာမခံ သို့လျှောက်ထားရမည်။
(ဃ) မှတ်ပုံတင်အဖွဲ့က ကင်းလွတ်ခွင့်မပြုသောကာလအပိုင်းအခြားအတွက် ကျသင့်သည့် ပရီမီယံနှင့်ဒဏ်ကြေးကို မြန်မာ့အာမခံသို့ တစ်ပေါင်းတည်းပေးသွင်းရမည်။
၄။ စက်တပ်ယာဉ်ပိုင်ရှင်သည် –
(က) သူတစ်ပါးထိခိုက်မှုအာမခံထားရှိရန် ပျက်ကွက်လျှင် မြန်မာ့အာမခံက သတ်မှတ် ထားသည့်ပရီမီယံနှင့် ဒဏ်ကြေးတို့ကို မြန်မာ့အာမခံသို့ တစ်ပေါင်းတည်းပေးသွင်းရမည်။
(ခ) စက်တပ်ယာဉ်ထိခိုက်မှုဖြစ်လျှင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ ရဲတပ်ဖွဲ့ စခန်းနှင့် မြန်မာ့အာမခံသို့အကြောင်းကြားရမည်။
၅။ ပရီမီယံပေးသွင်းထားခြင်းမရှိသော စက်တပ်ယာဉ်ကြောင့် သူတစ်ပါးသေဆုံးခြင်း၊ ဒဏ်ရာရခြင်း သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးခြင်းအတွက် နစ်နာကြေးထုတ်ပေးရန်ရှိပါက ထိုစက်တပ် ယာဉ်ပိုင်ရှင်သည် ပရီမီယံ၊ ဒဏ်ကြေးနှင့် ကုန်ကျစရိတ်များကို မြန်မာ့အာမခံသို့ ပေးသွင်းရမည်။

 

အခန်း(၃)

နစ်နာသူ၏တာဝန်နှင့် ရပိုင်ခွင့်များ

၆။ စက်တပ်ယာဉ်ကြောင့်သူတစ်ပါးဖြစ်စေ၊ အာမခံထားသူဖြစ်စေ သေဆုံးလျှင်၊ ဒဏ်ရာရလျှင် သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးလျှင် နစ်နာသူသည် နစ်နာကြေးရရှိရန် မြန်မာ့အာမခံက သတ်မှတ် ထားသောပုံစံများဖြင့် အောက်ပါကာလအတွင်း မြန်မာ့အာမခံသို့လျှောက်ထားရမည် –
(က) သေဆုံးလျှင် ထိခိုက်မှုဖြစ်ပွားပြီး သေဆုံးသည့်နေ့မှ ၁၂လ၊
(ခ) ဒဏ်ရာရလျှင် ထိခိုက်မှုဖြစ်ပွားသည့်နေ့မှ ၂၄ လ၊
(ဂ) ပစ္စည်းပျက်စီးဆုံးရှုံးလျှင် ထိခိုက်ပျက်စီးမှုဖြစ်ပွားသည့်နေ့မှ ၁၂ လ။
၇။ နစ်နာသူသည် –
(က) မြန်မာ့အာမခံကသတ်မှတ်သည့် နစ်နာကြေးနှုန်းအတိုင်းရပိုင်ခွင့်ရှိသည်။
(ခ) နည်းဥပဒေ ၆ တွင် သတ်မှတ်ထားသည့်ကာလအတွင်း မြန်မာ့အာမခံသို့ လျှောက်ထားခြင်းမပြုနိုင်ပါက ထိုသို့လျှောက်ထားခြင်းမပြုနိုင်ကြောင်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် ကတိသစ္စာပြုလွှာ သို့မဟုတ် ကျမ်းကျိန်လွှာပြုလုပ်၍ မြန်မာ့ အာမခံသို့ လျှောက်ထားခွင့်ရှိသည်။
(ဂ) နစ်နာကြေးတောင်းခံရာတွင် သေဆုံးသူ၏ ရုပ်အလောင်း မရရှိသည့်ကိစ္စ၌ ထိခိုက်မှုဖြစ်ပွားသည့်နေ့မှ ၂၄ လပြည့်ပြီးမှသာ နစ်နာကြေးရပိုင်ခွင့်ရှိသည်။
(ဃ) နစ်နာကြေးကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့အာမခံကချမှတ်သည့်အမိန့်ကို ကျေနပ်မှု မရှိလျှင် ဝန်ကြီးဌာနသို့တင်ပြနိုင်ခွင့်ရှိသည်။

 

အခန်း (၄)

မြန်မာ့အာမခံ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၈။ မြန်မာ့အာခံသည် –
(က) သူတစ်ပါးထိခိုက်မှုအာမခံထားရှိခြင်း၊ နစ်နာကြေး လျှောက်ထားခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
(ခ) ပြည်ပမှမြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသည့် သို့မဟုတ် မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့ထွက်ခွာသည့် စက်တပ်ယာဉ်များအတွက် သူတစ်ပါးထိခိုက်မှုအာမခံထား ရှိခြင်း၊ နစ်နာကြေးထုတ်ပေးခြင်းတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့်ပြည်ပရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်သည်။
(ဂ) နစ်နာကြေးလျှောက်ထားသည့်ကိစ္စကို စိစစ်၍ နစ်နာကြေးထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။
(ဃ) နစ်နာကြေးလျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်သူများအား မေးမြန်း စစ်ဆေးခြင်းပြုနိုင်သည်။
(င) သူတစ်ပါးထိခိုက်မှုအာမခံနှင့် သက်ဆိုင်သော ပရီမီယံနှုန်း၊ နစ်နာကြေးနှုန်း၊ ဒဏ်ကြေးနှုန်းနှင့် ကော်မရှင်နှုန်းတို့ကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။ နစ်နာကြေးနှုန်းများကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ရမည်။
(စ) သူတစ်ပါးထိခိုက်မှုအာမခံထားရှိရန် ပျက်ကွက်သူအား သတ်မှတ်ထားသည့် ဒဏ်ကြေးတပ်ရိုက်ခြင်းပြုနိုင်သည်။
(ဆ) ပြည်ပမှ မြန်မာနိုင်ငံအတွင်းဝင်ရောက်လာသော သို့မဟုတ် ဖြတ်သန်းသွားလာ သော ပြည်ပစက်တပ်ယာဉ်အတွက် ပရီမီယံနှုန်းနှင့် နစ်နာကြေးနှုန်းများကို နိုင်ငံခြားသုံးငွေ သို့မဟုတ် မြန်မာငွေဖြင့်လည်းကောင်း၊ ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် လိုက်နာရမည့် စည်းကမ်းများကိုလည်းကောင်း သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။ နစ်နာကြေးနှုန်းများကို ဝန်ကြီးဌာန၏သဘော တူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ရမည်။
(ဇ) ပြည်ပမှမြန်မာနိုင်ငံအတွင်းဝင်ရောက်လာသော သို့မဟုတ် ဖြတ်သန်းသွားလာသော ပြည်ပစက်တပ်ယာဉ်အတွက် ပရီမီယံကို နိုင်ငံခြားသုံးငွေဖြင့် ကောက်ခံနိုင်သည်။
၉။ မြန်မာ့အာမခံသည် နစ်နာသူအား နစ်နာကြေးကို အောက်ပါအစီအစဉ်အတိုင်း ထုတ်ပေးရမည် –
(က) သေဆုံးသူ၏ –
(၁) တရားဝင်ခင်ပွန်း သို့မဟုတ် ဇနီး၊
(၂)  သားသမီးများ (ကိတ္တိမမွေးစားသားအမီး အပါအဝင်)၊
(၃) မိဘ၊
(၄) ညီအစ်ကိုမောင်နှမ၊
(၅) ညီအစ်ကိုမောင်နှမ မရှိလျှင် သေဆုံးသူ၏ ဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံခွင့်ရှိသူ၊
(၆) နည်းဥပဒေခွဲငယ် (၅) အရ အမွေဆက်ခံခွင့်ရှိသူနှင့်စပ်လျဉ်း၍ အငြင်း  ပွားမှုဖြစ်ပွားပြီး ဥပဒေရေးရာ ပြဿနာပေါ်ပေါက်ပါက စီရင်ပိုင်ခွင့်ရှိသော တရားရုံး၏ ဆုံးဖြတ်ချက်နှင့်အညီ နစ်နာကြေးရထိုင်သူ။
ရှင်းလင်းချက် ။    ။    သေဆုံးသူသည် ဘာသာ၊ သာသနာရေးဆိုင်ရာပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ ဘာသာ၊ သာသနာ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသော သို့မဟုတ် အဆင့်မြင့်ဆုံးဖြစ်သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက သတ်မှတ်သူအား ထုတ်ပေးရမည်။
(ခ) ဒဏ်ရာရသူ၊
(ဂ) ပစ္စည်းပျက်စီးဆုံးရှုံးသူ၊
ရှင်းလင်းချက် ။    ။ စက်တပ်ယာဉ်ပေါ်တွင် တင်ဆောင်သယ်ယူသော ပစ္စည်းဖြစ်စေ၊ နစ်နာသူနှင့်အတူပါရှိသော စိန်၊ ရွှေ၊ ငွေ၊ ရတနာနှင့် ခရီးသွား အသုံးအဆောင် ပစ္စည်းများဖြစ်စေ ပျက်စီးဆုံးရှုံးခြင်းနှင့် မသက်ဆိုင်စေရ။
၁၀။  မြန်မာ့အာမခံသည် ပရီမီယံပေးသွင်းထားခြင်းမရှိသော စက်တပ်ယာဉ်ကြောင့် သူတစ်ပါး သေဆုံးလျှင်၊ ဒဏ်ရာရလျှင် သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးလျှင် နစ်နာကြေးကို နစ်နာသူ အားထုတ်ပေးရမည်။
၁၁။ ဤနည်းဥပဒေများအရ စက်တပ်ယာဉ်ပိုင်ရှင်က မြန်မာ့အာမခံသို့ပေးသွင်းရမည့် ပရီမီယံ၊ ဒဏ်ကြေးနှင့် ကုန်ကျစရိတ်များကို ပေးသွင်းရန်ပျက်ကွက်လျှင် မြန်မာ့အာမခံသည် မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရတောင်းခံခွင့်ရှိသည်။

 

အခန်း (၅)

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်များ

၁၂။ စက်တပ်ယာဉ်ကြောင့် သူတစ်ပါးဖြစ်စေ၊ အာမခံထားသူဖြစ်စေ သေဆုံးလျှင်၊ ဒဏ်ရာ ရလျှင် သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးလျှင် သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းသည် –
(က) ရဲတပ်ဖွဲ့ဝင်တစ်ဦးဦးအား တာဝန်ပေး၍ ထိခိုက်မှုဖြစ်ပွားသည့်နေရာသို့ ချက်ချင်း သွားရောက်စစ်ဆေးကြည့်ရှုစေရမည်။
(ခ) အောက်ပါအချက်များကို ပြည့်စုံစွာဖော်ပြလျက် သတ်မှတ်ထားသည့်ပုံစံဖြင့် မြန်မာ့ အာမခံသို့ အမြန်ဆုံးကြောင်းကြားရမည် –
(၁)  ရဲစခန်း ပထမသတင်းပေး တိုင်ချက်အမှတ်နှင့် ရက်စွဲ၊
(၂) ထိခိုက်မှုဖြစ်သည့်နေရာ၊ ဖြစ်ပွားပုံအကျဉ်းချုပ်၊
(၃) ထိခိုက်မှုဖြစ်သည့် ယာဉ်အမှတ်၊ ယာဉ်မောင်းနှင့် စက်တပ်ယာဉ်ပိုင်ရှင် တို့၏ အမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်/နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်နှင့် နေရပ်လိပ်စာ၊
(၄) သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းပျက်စီးဆုံးရှုံးသူ၏ အမည်၊ အမျိုးသား မှတ်ပုံတင်အမှတ်/ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် နေရပ်လိပ်စာ၊
(၅)  ပစ္စည်းပျက်စီးဆုံးရှုံးမှုရှိလျှင် ပျက်စီးဆုံးရှုံးသည့် ပစ္စည်းစာရင်းနှင့် ခန့်မှန်း တန်ဖိုး၊
(၆) ထိခိုက်မှုနှင့်စပ်လျဉ်းသည့် တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်။

 

အခန်း (၆)

အထွေထွေ

၁၃။ မြန်မာ့အာမခံသည် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က ၁၉၆၄ခုနှစ်၊ မော်တော်ယာဉ် ဥပဒေ၊ မော်တော်ယာဉ်နည်းဥပဒေများနှင့်အညီ မြန်မာ့အာမခံတွင် သူတစ်ပါးထိခိုက်မှု အာမခံထားရှိရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။
၁၄။ အောက်ဖော်ပြပါအကြောင်းနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ဖြစ်ပေါ်သည့်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း သို့မဟုတ် ပစ္စည်းပျက်စီး ဆုံးရှုံးခြင်း အတွက် နစ်နာကြေးထုတ်ပေးရန် မြန်မာ့အာမခံ၌ တာဝန်မရှိစေရ –
(က) သေဆုံးသူ သို့မဟုတ် ဒဏ်ရာရသူက မိမိကိုယ်ကိုမိမိ သေဆုံးစေရန် သို့မဟုတ် ဒဏ်ရာရစေရန် တမင်ပြုလုပ်ခြင်း၊ ပစ္စည်းပျက်စီးဆုံးရှုံးသူက မိမိပစ္စည်းပျက်စီး ဆုံးရှုံးမှုဖြစ်စေရန် တမင်ပြုလုပ်ခြင်း၊
(ခ) စစ် သို့မဟုတ် စစ်အသွင်နှင့် အလားတူဖြစ်ရပ်ပေါ်ပေါက်ခြင်း၊
(ဂ) သပိတ်မှောက်ခြင်း၊
(ဃ) အဓိကရုဏ်းဖြစ်ခြင်း၊
(င) ပုန်ကန်သောင်းကျန်းသူက အန္တရာယ်ပြုခြင်း၊
၁၅။ ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ သက်ဆိုင်ရာဆေးရုံသည် သူတစ်ပါးဖြစ်စေ၊ အာမခံ ထားသူဖြစ်စေ စက်တပ်ယာဉ်ကြောင့်သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းအတွက် နစ်နာသူသို့ ဆေးအစီရင်ခံစာ ထုတ်ပေးရမည်။
၁၆။ ဝန်ကြီးဌာနသည် မြန်မာ့အာမခံက ဤနည်းဥပဒေများပါ ပြဌာန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ လိုအပ်သော အဖွဲ့အစည်းများကို ဖွဲ့စည်း၍ တာဝန် ပေးအပ်နိုင်သည်။
၁၇။ မည်သူမဆို သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးကို မြန်မာ့အာမခံထံမှ မသမာသောနည်း ဖြင့်ထုတ်ယူခြင်း၊ ထုတ်ယူရန် အားထုတ်ခြင်း  သို့မဟုတ် အားပေးကူညီခြင်းပြုလျှင် တည်ဆဲ ဥပဒေအရ အရေးယူခြင်းခံရမည်။
၁၈။ သူတစ်ပါးထိခိုက်မှုအာမခံနည်းဥပဒေများ (၁၉၇၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် နည်းဥပဒေ များ အမှတ် ၄ ) ကို ဤနည်းဥပဒေများဖြင့် ရုပ်သိမ်းလိုက်သည်။

 

(ဗိုလ်ချုပ် လှထွန်း)

ဝန်ကြီး

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃