သူတစ်ပါးထိခိုက်မှုအာမခံ

၁-၇-၁၉၇၆ မှစ၍ မည်သည့်စက်တပ်ယာဉ်မဆို သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရ နည်းဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ပါသည်။ စက်တပ်ယာဉ်ဖြင့် မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်း ပျက်စီးဆုံးရှုံးခြင်းခံရသည့် နစ်နာသူများအတွက် စက်တပ်ယာဉ် ပိုင်ရှင်မှ ပေးလျော်ရန်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းမှ ပခုံးပြောင်းတာဝန်ယူသည့် အာမခံစနစ် ဖြစ်ပါသည်။

၁-၈-၂၀၁၆ ရက်နေ့တွင် ပရီမီယံနှုန်းနှင့် နစ်နာကြေးနှုန်းထားများအား ပြင်ဆင် သတ်မှတ် ခဲ့ပါသည်။ ပြင်ဆင်သည့်ပရီမီယံနှုန်းများမှာ တင်ဆောင်နိုင်သည့် ဦးရေနှင့် တန်ချိန်အလိုက် ခွဲခြားသတ်မှတ်၍ ကိုယ်ပိုင်ယာဉ် ဆိုလျှင် အနိမ့်ဆုံး ကျပ် ၅၀၀၀/- မှ အမြင့်ဆုံး ကျပ် ၁၀၀၀၀/- ၊ အငှားယာဉ်ဆိုလျှင် အနိမ့် ဆုံး ကျပ် ၁၀၀၀၀/- မှ အမြင့်ဆုံး ကျပ် ၁၅၀၀၀/- သတ်မှတ် ထားပါသည်။ပြင်ဆင်သတ်မှတ်သည့်နစ်နာကြေးနှုန်းမှာ  စက်တပ်ယာဉ်ထိခိုက်မှုကြောင့် လူတစ်ဦးသေဆုံးမှုအတွက် ကျပ် ၁၀ သိန်း၊ ဒဏ်ရာရမှုအတွက် အများဆုံး ကျပ် ၈ သိန်းနှင့် ပစ္စည်း ပျက်စီးဆုံးရှုံးမှုအတွက် ကျပ် ၅ သိန်း ဖြစ်ပါသည်။

၁-၄-၂၀၂၂ ရက်နေ့တွင် ပရီမီယံနှုန်းကို တိုးမြှင့်ခြင်းမပြုဘဲ နစ်နာကြေးနှုန်းထားများအား လက်ရှိ နှုန်းထား၏ သုံးဆ ထပ်မံပြင်ဆင် သတ်မှတ်ခဲ့ပါသည်။ ပြင်ဆင်သတ်မှတ်သည့် နစ်နာကြေးနှုန်း မှာ စက်တပ်ယာဉ်ထိခိုက်မှုကြောင့် လူတစ်ဦးသေဆုံးမှုအတွက် ကျပ် ၃၀ သိန်း၊ ဒဏ်ရာရမှု အတွက် အများဆုံး ကျပ် ၂၄ သိန်းနှင့် ပစ္စည်းပျက်စီး ဆုံးရှုံးမှုအတွက် ကျပ် ၁၅ သိန်း ဖြစ်ပါ သည်။ 

သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးများ တောင်းခံရန် လိုအပ်သော စာရွက်စာတမ်းများကို မြန်မာ့အာမခံလုပ်ငန်း၏ ဝက်ဘ်ဆိုက် (www.myanmainsurance.gov.mm) မှ download ရယူ၍ print ထုတ်ပြီး သော်လည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်အပါအဝင် တိုင်း ဒေသကြီး/ ပြည်နယ်/ခရိုင်ရုံးများ) တွင် အခမဲ့ထုတ်ယူ၍ သော်လည်းကောင်း ရယူနိုင်ပါသည်။ ယင်း အထောက်အထားများ ပြည့်စုံပါက မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်အပါအဝင် တိုင်းဒေသ ကြီး/ ပြည်နယ်/ခရိုင်ရုံးများ)တွင် နစ်နာကြေးအား အမြန်ဆုံးလာရောက် လျှောက်ထား ထုတ်ယူ နိုင်ပါသည်။

နစ်နာကြေး တောင်းခံပိုင်ခွင့်ရှိသူများမှာ−

(၁) သေဆုံးသူသည် အိမ်ထောင်ရှိသူဖြစ်လျှင် သေဆုံးသူ၏ တရားဝင် ဇနီး(သို့မဟုတ်) ခင်ပွန်း
(၂) ဇနီး(သို့မဟုတ်) ခင်ပွန်း မရှိလျှင် သားသမီး
(၃) ဇနီး(သို့မဟုတ်) ခင်ပွန်း ၊ သားသမီး မရှိလျှင် မိဘ
(၄) ဇနီး(သို့မဟုတ်) ခင်ပွန်း ၊ သားသမီး ၊ မိဘ မရှိလျှင် ညီအစ်ကို မောင်နှမအရင်းအချာ (များ)
(၅) ဇနီး(သို့မဟုတ်) ခင်ပွန်း ၊ သားသမီး ၊ မိဘ ၊ ညီအစ်ကို မောင်နှမအရင်းအချာ (များ) မရှိလျှင် အနီးစပ်ဆုံး ဆွေမျိုးတော်စပ်သူများ
(၆) သေဆုံးသူသည် အိမ်ထောင်မရှိလျှင် သေဆုံးသူ၏ မိဘ
(၇) မိဘ မရှိလျှင် ညီအစ်ကို မောင်နှမအရင်းအချာ (များ)
(၈) မိဘ ၊ ညီအစ်ကို မောင်နှမအရင်းအချာ (များ) မရှိလျှင် အနီးစပ်ဆုံး ဆွေမျိုး တော်စပ်သူ များ ဖြစ်ပါသည်။

 

နစ်နာကြေးတောင်းခံရာတွင် အကျုံးမဝင်သည့် အချက်များ

စက်တပ်ယာဉ် ထိခိုက်မှုကြောင့် နစ်နာကြေး တောင်းခံခြင်းနှင့် ပတ်သက်၍ သေဆုံးသူ၊ ဒဏ်ရာ ရသူသည် အောက်ဖော်ပြပါဖြစ်ရပ်များကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်း ဖြစ်ပွားပါက နစ်နာ ကြေးပေးချေရန် အကြုံးမဝင်ပါ။

(၁) သူတစ်ပါးထိခိုက်မှုအာမခံ နည်းဥပဒေအရ သူတစ်ပါးထိခိုက်မှုအာမခံတွင် ယာဉ် မောင်းသူကိုယ်တိုင် သေဆုံးခြင်း၊ ဒဏ်ရာရခြင်းတွင် –
  (၁) ယာဉ်မောင်းလိုင်စင်မရှိသူ၊
  (၂) ယာဉ်မောင်းလိုင်စင် သက်တမ်းမရှိသူ၊
  (၃) သတ်မှတ်ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနှင်ခြင်း မဟုတ်သူ၊
  (၄) မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်ခွင့် ကန့်သတ်တားမြစ်ထားသည့် မြို့ နယ်များ၊ လမ်းများ၊ နယ်မြေများတွင် မော်တော်ဆိုင်ကယ် စီးနင်း မောင်း သူ၊
  (၅) (မော်တော်ဆိုင်ကယ်ကို မောင်းနှင်သူအပါအဝင် (၂)ယောက်ထက်ပို၍ တင် ဆောင်မောင်းနှင်စဉ် ထိခိုက်မှုဖြစ်စဉ်တွင်) မော်တော်ဆိုင်ကယ်မောင်းနှင် သူကိုယ်တိုင်၊
(၂) အမြန်လမ်းမကြီးများပေါ်တွင် လမ်းဖြတ်ကူးသူ၊
(၃) မီးရထားလမ်းကို ဖြတ်ကူးသူ၊ မီးရထားလမ်းတွင် ရပ်/ထိုင်/လဲလျောင်း/ အိပ်နေသူ၊
(၄) မီးရထားပေါ်သို့ ခုန်တက်သူ၊ ခုန်ဆင်းသူ၊
(၅) ရေယာဉ်ပေါ်သို့ ခုန်တက်သူ၊ ခုန်ဆင်းသူ၊

စက်တပ်ယာဉ်ထိခိုက်မှုကြောင့် သေဆုံးသူများ နှင့် ဒဏ်ရာရရှိသူများအတွက် နစ်နာကြေး တောင်းခံရာတွင် မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) နှင့် နယ်ရုံးခွဲများမှ အခမဲ့ ထုတ်ပေးလျက်ရှိသည့် တောင်းခံလွှာပုံစံ၊ ပြည်သူ့ ဆေးရုံအစီရင်ခံစာပုံစံ နှင့် ပြည်သူ့ရဲတပ်ဖွဲ့အစီရင်ခံစာပုံစံများနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။

 

သေဆုံးသူများအတွက်

(၁) သေဆုံးမှုလက်မှတ်(မိတ္တူ) (သို့မဟုတ်)ရင်ခွဲမှတ်တမ်း(မိတ္တူ)
(၂) တောင်းခံသူ၏ မှတ်ပုံတင်မိတ္တူနှင့် သေဆုံးသူ၊တောင်းခံသူနှင့် လွှဲအပ်သူ၏အမည်များ ပါဝင်သော အိမ်ထောင်စုစာရင်း(မိတ္တူ)
(၃) ထိခိုက်မှုဖြစ်သော ယာဉ်များ၏ ပရီမီယံစာအုပ်(မိတ္တူ)  (သို့မဟုတ်) ပရီမီယံပေးသွင်း ကြောင်း လက်မှတ်(မိတ္တူ)  နှင့် ယာဉ်မောင်းသူဖြစ်ပါက သက်တမ်းရှိ /အဆင့်မီယာဉ်မောင်း လိုင်စင် (မိတ္တူ)
(၄)
  • ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံချက် (ရာထူးအဆင့် တံဆိပ်နှင့် ရုံးတံဆိပ် အပြည့်အစုံ) တွင် အောက်ဖော်ပြပါ အချက် များ ပါဝင်ရပါမည်။
  • နစ်နာကြေးတောင်းခံသည့် ဖြစ်စဉ်သည် မှန်ကန်ကြောင်း၊
  • အိမ်ထောင်စုစာရင်းရှိရာ နေရာတွင် နေထိုင်ကြောင်း  (သို့မဟုတ်) ယင်းနေရာတွင် နေထိုင်ခြင်းမရှိပါက လက်ရှိနေထိုင်သည်ဟု ဖော်ပြသောနေရာတွင် နေထိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်၊
  • သေဆုံးသူသည် ကလေးဖြစ်ပြီး အိမ်ထောင်စုစာရင်းတွင် မထည့်ရသေးပါက မွေးစာရင်း (မိတ္တူ) (သို့မဟုတ်) ကျောင်းထောက်ခံချက်၊
  • အမွေဆက်ခံခွင့် ဦးစားပေးအစီအစဉ်အတိုင်းမဟုတ်ပါက ကတိဝန်ခံချက်မူရင်း
  • သေဆုံးသူ၊တောင်းခံသူနှင့် ၎င်းတို့၏ မိဘများ အမည်ကွဲလွဲမှုရှိပါက ယင်းအမည်ကွဲ သည် တစ်ဦးတည်းဖြစ်ကြောင်း ထောက်ခံချက်၊
  • သေဆုံးခဲ့သည့် မိခင်/ဖခင်အမည်စာရင်းကို အိမ်ထောင်စုစာရင်းတွင် ပယ်ဖျက် ထားခြင်း မရှိပါက သေဆုံးကြောင်း ထောက်ခံချက်၊
  • သေဆုံးသူသည် အိမ်ထောင်ရှိသူဖြစ်ပါက တစ်ဦးတည်းသော တရားဝင် ဇနီး/ခင်ပွန်း ဖြစ်ကြောင်း ထောက်ခံချက်
  • သေဆုံးသူသည် အရွယ်မရောက်သေးသည့်အတွက် ကျွေးမွေးစောင့်ရှောက်ထား သည့် အုပ်ထိန်းသူမှ တောင်းခံခြင်းဖြစ်ပါက မှန်ကန်ကြောင်း ထောက်ခံချက်၊
  • သေဆုံးသူသည် အိမ်ထောင်မရှိ အပျို/လူပျိုဖြစ်၍ မိခင်/ဖခင် ရှိလျှင် နစ်နာကြေး တောင်းခံခြင်းအတွက် မိခင်/ဖခင်က တောင်းခံပါက ကျန်တစ်ဦးမှ သဘောတူ ကြောင်း  ထောက်ခံချက်

ဒဏ်ရာရရှိသူများအတွက်

(၁) ဆေးကုသမှုခံယူသည့် ပြည်သူ့ဆေးရုံစာအုပ်(မိတ္တူ)
(၂) တောင်းခံသူ၏မှတ်ပုံတင်(မိတ္တူ)
(၃)

အသက်(၁၈)နှစ်မပြည့်သေးပါက မိခင်(သို့မဟုတ်)ဖခင်မှ တောင်းခံလျှင် ကျန် မိခင်(သို့မဟုတ်) ဖခင်မှ သဘောတူကြောင်း ရပ်ကွက်ထောက်ခံချက်

မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ဆက်စပ်လျက်ရှိသည့် တစ်ဖက်နိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် မော်တော်ယာဉ်များအတွက် မြန်မာနိုင်ငံသားများ၏အကျိုးငှာ မတော်တဆ ထိခိုက်မှု ဖြစ်ပွားပါက နစ်နာဆုံးရှုံးမှုအကာအကွယ်များ ရရှိစေရန် ၁၉၉၇ ခုနှစ်မှစတင်၍ နယ်စပ်ဒေသ (မြဝတီ၊ မူဆယ်၊ တာချီလိတ်) အသီးသီးတွင် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံကို သီးခြားသတ်မှတ်ပြီး လက်ခံ ဆောင်ရွက်ခဲ့ပါသည်။

မှတ်ချက်

သူတစ်ပါးထိခိုက်မှုအာမခံနည်းဥပဒေ အခန်း(၆)၊အပိုဒ်(၁၇)အရ မည်သူမဆို သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေးကို မြန်မာ့အာမခံထံမှ မသမာသောနည်းဖြင့် ထုတ်ယူခြင်း၊ ထုတ်ယူရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုလျှင် တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်။

 

Download Dead Form Download Third Party Liability Premium Rates Download Beneficiary Rates


The Implementation of ASEAN Framework Agreement on the Facilitation of Goods in Transit: Protocol-5 (ASEAN Scheme of Compulsory Motor Vehicle Insurance)

  • ASEAN Framework Agreement on the Facilitation of Goods in Transit နှင့် GMS Cross Border Transport Agreement စာချုပ်များအရ အာဆီယံနိုင်ငံများအပြင် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ပါ နိုင်ငံဖြတ်သန်းကုန်စည် သယ်ပို့ရန် ရှိပါသဖြင့် နယ်စပ် ဝင်ပေါက် ထက် ကျော်လွန်၍ အခြားနိုင်ငံများ အထိ နိုင်ငံဖြတ်သန်းမည့် ကားများအတွက်ပါ သူတစ်ပါးထိခိုက်မှုအာမခံ ဆောင်ရွက်ပေးလျက် ရှိပါသည်။
  • လက်ရှိတွင် Transit ​နေရာများတွင်သာ ရောင်းချပေးလျက် ရှိနေသော်လည်း Online မှတစ်ဆင့် ရောင်းချနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။
  • နယ်စပ်ဝင်ပေါက်များတွင် TPL Insurance Cover ဝယ်ယူမည်ဆိုပါက ယာဉ်နှင့် ပတ်သက်သော အထောက်အထားများ (Owner-book၊ Wheel-tax၊ Driving License) တင်ပြရမည်ဖြစ်ပြီး ၎င်းတို့သည် အဆင့်မီလိုင်စင် ဖြစ်ရပါမည်။
  • သက်တမ်းအနေဖြင့် တစ်လသတ်မှတ်ထားပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာချိန်တွင် အာမခံ စတင်မည် ဖြစ်ပြီး ပြန်ထွက်ပြီးပါက သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။
  • အာမခံနှုန်းထားများမှာ ယာဉ်အမျိုးအစားပေါ် မူတည်၍ ( ကျပ် ၃၀၀၀၀၊ ကျပ် ၅၀၀၀၀၊ ကျပ် ၇၀၀၀၀) တို့ ဖြစ်ပါသည်။
  • လူတစ်ဦးဒဏ်ရာရရှိခြင်းအတွက် အများဆုံးလျော်ကြေး –     ကျပ် ၂,၄၀၀,၀၀၀/
  • လူတစ်ဦးသေဆုံးခြင်းအတွက် အများဆုံးလျော်ကြေး –        ကျပ် ၃,၀၀၀,၀၀၀/-
  • သူတစ်ပါးပစ္စည်း ပျက်စီးဆုံးရှုံးခြင်း (အများဆုံး)                ကျပ် ၁,၅၀၀,၀၀၀/-
  • နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များအတွက် အာမခံလက်ခံခြင်းနှင့် လျော်ကြေးပေး ချေခြင်းလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအား လက်မှတ်‌ ရေးထိုး ချုပ်ဆိုခဲ့ပါသည်။
  • နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များအတွက် အာမခံပေါ်လစီထုတ်ပေးခြင်းနှင့် သတင်း အချက်အလက်များ မျှဝေရာတွင် လွယ်ကူချောမွေ့စေရန် ထိန်းချုပ်ပေးနိုင်မည့် web-based သုံး အာဆီယံ မထားမနေရ မော်တော်ယာဉ်အာမခံ စနစ်အား အဖွဲ့ဝင်နိုင်ငံ အားလုံး အသုံးပြုရေး နားလည်မှုစာချွန်လွှာအား အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် လက်မှတ်‌ရေးထိုး ချုပ်ဆိုခဲ့ပါသည်။
  • နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များအတွက် အာမခံလက်ခံခြင်းနှင့် လျော်ကြေး ပေးချေခြင်း လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် လာအို နိုင်ငံတို့ သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအား လက်မှတ်‌ရေးထိုး ချုပ်ဆိုခဲ့ပါသည်။
  • မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံအား ACMI system Platform မှတစ်ဆင့် ရောင်းချရန်အတွက် ထိုင်းနိုင်ငံ၊ RVP technical team နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။


နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်အာမခံ              

နယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်အာမခံသည် မြန်မာနိုင်ငံ၏ နယ်စပ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်းသို့ သွားလာမည့်ယာဉ် (သို့မဟုတ်) ပြည်ပနိုင်ငံတစ်နိုင်ငံမှ မြန်မာနိုင်ငံကို ဖြတ်ကျော်၍ အခြားပြည်ပနိုင်ငံတစ်နိုင်ငံသို့ သွားလာမည့်ယာဉ်များကို အကာ အကွယ်ပေးသည့် သူတစ်ပါးထိခိုက်မှုအာမခံအမျိုးအစားဖြစ်ပါသည်။

ယင်းအာမခံ၏သက်တမ်းမှာ (၁)လဖြစ်ပြီး ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ် ခွဲခြား၍ ပရီမီယံကျပ် ၃၀၀၀၀၊ ကျပ် ၅၀၀၀၀၊ ကျပ် ၇၀၀၀၀ နှုန်းဖြင့် ကောက်ခံပါသည်။ မော်တော်ယာဉ်အာမခံထားရှိရန်အတွက် ယာဉ်အမှတ်၊ ယာဉ်အမျိုးအစား၊ ယာဉ်အမျိုး အမည်၊ အင်ဂျင်အမှတ်၊ ဖရိန်အမှတ်နှင့် ယာဉ်မောင်းလိုင်စင်မိတ္တူတို့ လိုအပ်ပါသည်။

အာမခံအကာအကွယ်မှာ အာမခံထားသည့်ယာဉ်ထိခိုက်မှုကြောင့် သူတစ်ပါးသေဆုံးခြင်း၊ ဒဏ်ရာရခြင်းနှင့် ပစ္စည်းပျက်စီးဆုံးရှုံးခြင်းတို့အတွက် ဖြစ်ပါသည်။ လူတစ်ဦးသေဆုံးခြင်းအတွက် နစ်နာကြေး ကျပ် ၃,၀၀၀,၀၀၀/- ၊ ဒဏ်ရာရခြင်းအတွက် အများဆုံးလျော်ကြေး ကျပ် ၂,၄၀၀,၀၀၀/- ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။

ပရီမီယံကြေးကို မြန်မာကျပ်ငွေဖြင့်သာ လက်ခံမည်ဖြစ်၍ မြန်မာကျပ်ငွေဖြင့် ပေးသွင်းရပါမည်။ လျော်ကြေးဖြစ်ပွားပါက မြန်မာ့အာမခံလုပ်ငန်းသို့ ချက်ချင်းအကြောင်း ကြားရပါမည်။

ဝန်ဆောင်မှုများ

ဆက်သွယ်ရန်ဖုန်းနံပါတ်

အုပ်ချုပ်ရေးဌာန

၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂

အသက်အာမခံဌာန

၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉

ငွေစာရင်းဌာန

၃၈၄၈၇၀၊ ၃၈၄၈၆၈

တာဝန်အခန်း

၃၇၉၁၈၈

မီး၊ အင်ဂျင်နီယာ နှင့် အထွေထွေအာမခံဌာန

၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇

ရေကြောင်း၊ လေကြောင်းနှင့်ခရီးသွားလာရေးအာမခံဌာန

၂၅၁၇၆၁

သူတစ်ပါးထိခိုက်မှုအာမခံဌာန

၃၈၄၈၆၄၊ ၃၈၄၈၇၃